ဘုတ်ပြင်းမြို့နယ်
ဘုတ်ပြင်းမြို့နယ် သည် မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခု ဖြစ်သည်။ ဘုတ်ပြင်းမြို့နယ်တွင် ဘုတ်ပြင်းမြို့၊ ပြည်ကြီးမဏ္ဍိုင်မြို့နှင့် ကရသူရိမြို့တို့ ပါဝင်ပြီး မြို့နယ်ရုံးစိုက်ရာမြို့မှာ ဘုတ်ပြင်းမြို့ ဖြစ်သည်။
ဘုတ်ပြင်းမြို့နယ် | |
---|---|
မြို့နယ် | |
ဘုတ်ပြင်းမြို့အဝင် | |
ဘုတ်ပြင်းခရိုင်အတွင်းတည်နေရာ | |
ဘုတ်ပြင်းမြို့နယ် တည်နေရာ | |
ကိုဩဒိနိတ်: 11°16′34″N 98°46′37″E / 11.27611°N 98.77694°Eကိုဩဒိနိတ်: 11°16′34″N 98°46′37″E / 11.27611°N 98.77694°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | တနင်္သာရီ |
ခရိုင် | ဘုတ်ပြင်း |
မြို့နယ်ရုံးစိုက်ရာမြို့ | ဘုတ်ပြင်းမြို့ |
လူဦးရေ (၂၀၁၄) | |
• စုစုပေါင်း | ၄၆,၈၂၁[၁] |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
သမိုင်းကြောင်း
ပြင်ဆင်ရန်ဘုတ်ပြင်းမြို့နယ်သည် ကောဇာသက္ကရာဇ် ၁၈၉၄ ခုနှစ်တွင် တနင်္သာရီမြို့ကိုအုပ်ချုပ်သော မြန်မာမင်း မင်းကျောက်ဖွားမြသာစံကို ယိုးဒယားဘုရင်မှ တိုက်ခိုက်သိမ်းယူသောကြောင့် ယိုးဒယား (ယခု ထိုင်း) တို့၏လက်အောက်သို့ ကျရောက်ခဲ့ရပြီး၊ အလောင်းမင်းတြားကြီးသည် ယိုးဒယားတို့ကို ပြန်လည်တိုက်ခိုက် အောင်မြင်သိမ်းပိုက်ခဲ့ရာမှ မြန်မာတို့ ပြန်လည်ပိုင်ဆိုင်ခဲ့သည်။ [၂]
အင်္ဂလိပ်-မြန်မာ စစ်ပွဲတွင် အင်္ဂလိပ်တို့လက်အောက်သို့ ကျရောက်ခဲ့ပြီးနောက် သူကြီးအဆင့်ဆင့်အုပ်ချုပ်ခဲ့ရာမှ ၁၉၀၉ (ခရစ်နှစ်)တွင် မြို့ပိုင် ဦးမောင်မောင်က အုပ်ချုပ်ခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် ဂျပန်တပ်များဝင်ရောက်သိမ်းပိုက်ခဲ့ကြသော်လည်း မေဂျာလပ်(ဖ်) က ဦးစီး၍ အင်အား ၁၀၀ ခန့်ဖြင့် ရေကြောင်းမှပြန်လည်တိုက်ခိုက်ခဲ့ရာ ဂျပန်တပ်များ ပြန်လည် ဆုတ်ခွါသွားကြသည်။[၂]
၁၉၄၂ ခုနှစ်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်မှ ဗိုလ်ရန်နိုင်ဦးစီးသောတပ်တို့ ဝင်ရောက်လာပြီးနောက် အင်္ဂလိပ်မြို့ပိုင်များ ထွက်ပြေးခဲ့သည်။ မြို့ကိုလည်း ဖက်ဆစ်ဂျပန်မြို့အုပ် ဦးအောင်အောင်က အုပ်ချုပ်ခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် ဘုတ်ပြင်းမြို့ကို ကရင်များ၊ ရှမ်းပသျှူးများ ဝင်ရောက်တိုက်ခိုက်ခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ [၂]
ပထဝီဝင်
ပြင်ဆင်ရန်တည်နေရာအကျယ်အဝန်း
ပြင်ဆင်ရန်ဘုတ်ပြင်းမြို့နယ်သည် မြောက်လတ္တီကျူ ၁၀ ဒီဂရီ ၁၉ မိနစ်မှ ၁၀ ဒီဂရီ ၅၅ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၈ ဒီဂရီ ၃၄ မိနစ်နှင့် ၉၈ ဒီဂရီ ၅၆ မိနစ်အကြားတွင် တည်ရှိသည်။ [၂]
နယ်နမိတ်
ပြင်ဆင်ရန်ဘုတ်ပြင်းမြို့နယ်သည် အရှေ့ဘက်တွင် ယိုးဒယားနိုင်ငံ၊ တောင်ဘက်တွင် ကော့သောင်းမြို့နယ်၊ အနောက်ဘက်တွင် ကပ္ပလီပင်လယ်၊ မြောက်ဘက်တွင် တနင်္သာရီမြို့နယ်တို့နှင့် နယ်နမိတ် ထိစပ်လျက် ရှိသည်။[၂]
မြေမျက်နှာသွင်ပြင်နှင့် ရေဆင်း
ပြင်ဆင်ရန်ဘုတ်ပြင်းမြို့နယ်သည် အရှေ့ဘက်တွင် တနင်္သာရီတောင်တန်းများ၊ အနောက်ဘက်တွင် ပင်လယ်ပြင်နှင့် ကျွန်းစုများတည်ရှိပြီး၊ အလယ်ပိုင်းမှာ ကမ်းရိုးတန်းဒေသ ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက်အမြင့် ဘုတ်ပြင်းမြို့နယ်သည် ပျှမ်းမျှအားဖြင့် ပင်လယ်ရေမျက်နှာပြင်အထက် ၁၅ ပေအထက်တွင် တည်ရှိသည်။ အမြင့်ဆုံးတောင်မှာ ကျောက်ညှပ်တောင်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၁၄၁၉ ပေရှိကာ အနိမ့်ဆုံးအရပ်ဒေသမှာ ပင်လယ်ကမ်းခြေဖြစ်သည်။[၂]
ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်
ပြင်ဆင်ရန်ဘုတ်ပြင်းမြို့နယ်သည် ပူအိုက်စွတ်စိုသော ရာသီဥတုဖြစ်ပြီး၊ အမြင့်ဆုံးအပူချိန် ၉၈ ဖာရင်ဟိုက်နှင့် အနိမ့်ဆုံးအပူချိန်မှာ ၅၄ ဖာရင်ဟိုက် ဖြစ်သည်။[၂]
ဘုတ်ပြင်းမြို့နယ်တွင် တွေ့ရှိရသောတောရိုင်းတိရစ္ဆာန်များမှာ ဆင်၊ ကျား၊ တောဝက်၊ ဝက်ဝံ၊ ကြံ့၊ တောကျွဲ၊ ဆတ်၊ တောင်ဆိတ်၊ တောဆိတ်၊ ဂျီ၊ တောခွေး၊ ကြံ့သူတော်၊ သင်းခွေချပ်၊ ကြောင်မင်းနှင့် မျောက်အမျိုးမျိုး ရှိသည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ကြိုးဝိုင်းတော ၄၇၇၉၇၆ ဧက၊ ကြိုးပြင်တော ၃၅၆၄၁ ဧက ထိန်းထိမ်းလျက် ရှိသည်။ သစ်တောစိုက်ခင်းတည်ထောင်နိုင်မှုမှာ နိုင်ငံပိုင်သစ်တောစိုက်ခင်း ၅၀ ဧက၊ သစ်မာ ၄၁၀ ဧက၊ ဒီရေတောစိုက်ခင်း ၂၅၀ ဧက တို့ဖြစ်သည်။[၂]
လူဦးရေပျံ့နှံ့နေထိုင်မှု
ပြင်ဆင်ရန်ဘုတ်ပြင်းမြို့နယ်တွင်ထားဝယ်၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊တနင်္သာရီ၊ ရခိုင်၊ ရှမ်းနှင့် ဆလုံလူမျိုးများ နေထိုင်လျက် ရှိပြီး၊ နိုင်ငံခြားသားများ နေထိုင်မှုမှာ တရုတ် (၆၇)၊ ဘင်္ဂလားဒေ့ရှ် (၅)နှင့် အခြား (၇၀၉၅) ဦး ရှိသည်။
၂၀၁၉ စက်တင်ဘာလစစ်တမ်းအရ အိမ်ခြေ ၁၆၂၀၉ ခု၊ အိမ်ထောင်စု ၁၇၇၄၂ စု၊ ကျေးရွာအုပ်စု ၂၀၊ ကျေးရွာ ၁၄၂ နှင့် လူဦးရေ ၈၁၅၅၇ ဦး ဖြစ်သည်။[၂]
ကိုးကွယ်မှု
ပြင်ဆင်ရန်ဘုတ်ပြင်းမြို့နယ်တွင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်နှင့် အစ္စလာမ်ဘာသာတို့ကို ကိုးကွယ်ကြသည်။[၂]
စီးပွားရေး
ပြင်ဆင်ရန်ဘုတ်ပြင်းမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကိုသာ အဓိကလုပ်ဆောင်ကြပြီး၊ ရေလုပ်ငန်းကိုလည်း လုပ်ကိုင်ကြသည်။ မြို့နယ်၏ အဓိကထွက်ကုန်များမှာ ကွမ်းသီး၊ ဆီအုန်းနှင့် ရာဘာတို့ ဖြစ်သည်။[၂]
ပညာရေး
ပြင်ဆင်ရန်ဘုတ်ပြင်းမြို့နယ်တွင်ရှိသော အစိုးရပညာသင်ကျောင်းများမှာ အထက်တန်းကျောင်း ၅ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၇ ကျောင်း၊ အလယ်တန်းကျောင်း ၅ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၁၀ ကျောင်း၊ မူလတန်းလွန်ကျောင်း ၂၂ ကျောင်း၊ မူလတန်းကျောင်း ၄၉ ကျောင်း၊ မူလတန်းကြိုကျောင်း ၅ ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၅ ကျောင်းရှိသည်။[၂]
ကျန်းမာရေး
ပြင်ဆင်ရန်ဘုတ်ပြင်းမြို့နယ်တွင် အစိုးရပြည်သူ့ဆေးရုံ ၁ ခု၊ ၁၈/၁၀၀တပ်နယ်ဆေးရုံ ၁ ခု၊ ပုဂ္ဂလိကဆေးရုံ ၁ ခု၊ တိုက်နယ်ဆေးရုံ ၂ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၂ ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၁၅ ခု၊ မိခင်နှင့်ကလေး ကျမ်းမာရေးဌာန ၁ ခု၊ ငှက်ဖျားတိုက်ဖျက်ရေးဌာန ၁ ခုနှင့် ဆေးပေးခန်း ၁၁ ခု ရှိသည်။[၂]
ကိုးကား
ပြင်ဆင်ရန်- ↑ သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၅။
- ↑ ၂.၀၀ ၂.၀၁ ၂.၀၂ ၂.၀၃ ၂.၀၄ ၂.၀၅ ၂.၀၆ ၂.၀၇ ၂.၀၈ ၂.၀၉ ၂.၁၀ ၂.၁၁ ၂.၁၂ ဘုတ်ပြင်းမြို့နယ် ဒေသဆိုင်ရာ အချက်အလက်များ။ ဘုတ်ပြင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန (စက်တင်ဘာ ၂၀၁၉)။
ဤ တနင်္သာရီတိုင်းဒေသကြီး ပထဝီဝင်တည်နေရာဆိုင်ရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |